ကော့သောင်းမြို့တွင် လုပ်ငန်းရှင်များအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ  ပြုလုပ်

ကော့သောင်း ဇူလိုင် ၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့မှ လုပ်ငန်းရှင်များအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဟံသာဝတီ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခွန်ပညာ‌ပေး ရှင်းလင်းဆွေးနွေးပွဲတွင် ကော့သောင်းမြို့နယ် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က နိုင်ငံအသီးသီးတွင် အစိုးရမှ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးအတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးစသည့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးလုပ်ငန်းများကို ငွေကြေးများ ကျခံသုံးစွဲ၍ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရမှ ကျခံသုံးစွဲနိုင်ရန်အတွက် ပြည်သူများက နိုင်ငံသားတစ်ဦး၏ အခြေခံတာဝန်တစ်ရပ်အနေဖြင့် ဥပဒေနှင့်အညီ အခွန်အကောက်များကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေသို့ ပေးဆောင်ထည့်ဝင်ရခြင်းဖြစ်ကြောင်း၊ တရားမဝင်ငွေကြေးစီးဆင်းမှုများ မရှိစေရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ငွေပေးချေမှုစနစ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ရန် အလို့ငှာ အခြေပစ္စည်းနှင့် ကုန်ပစ္စည်းရောင်းခြင်း၊ ဝယ်ခြင်း၊ လွှဲပြောင်းခြင်းများအတွက် ငွေပေးချေမှုနှင့် အခြားငွေပေးချေမှုများ ပြုလုပ်ရာတွင် ကျပ်သိန်း(၂၀၀)ထက်ပိုသည့် ငွေပေးချေမှုများကို ဘဏ်စနစ်အသုံးပြု၍ ဒီဂျစ်တယ် ငွေပေးချေမှုနည်းလမ်းများ မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ ဘဏ်ကတ်များ၊ ချက်လက်မှတ်၊ ငွေပေးအမိန့်လွှာ (PO)၊ စာရင်းပြောင်းပေးချေခြင်း အသုံးပြု၍ ငွေပေးချေရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားပြီးဖြစ်ပါသဖြင့် လုပ်ငန်းရှင်များအနေဖြင့် သိရှိနိုင်ပါရန် ပြောကြားလိုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေနဲ့ ကောင်းမွန်သည့် အခွန်စနစ်တစ်ရပ် ဖြစ်စေရေးအတွက် အခွန်နှုန်းထားများ တည်ငြိမ်မှုရှိစေရေးကို အခြေခံပြီး လက်ရှိကောက်ခံနေသည့် အခွန်နှုန်းထားများကို တိုးမြှင့်ခြင်းမပြုဘဲ အခွန်ကောက်ခံရေး နယ်ပယ်များကို ချဲ့ထွင်၍ ကောက်ခံရေး မူဝါဒများ ချမှတ်ကာ အကောင်အထည် ဖော်လျက်ရှိပါကြောင်းနှင့် အခွန်ထမ်းများအနေဖြင့် တာဝန်သိသိလိုလားစွာဖြင့် အခွန်ပေးဆောင်စေရန်နှင့် အခွန်ထမ်းမဖြစ်သေးသူများအား အခွန်ထမ်းဖြစ်လာစေရေး စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်းနှင့် ရွှေဆိုင်များမှ ပြေစာများထုတ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြဖို့လိုပါကြောင်း အမှာစကား ပြောကြားသည်။

ယင်းနောက် ကော့သောင်းမြို့နယ် အခွန်ဦးစီးဌာနမှူး‌ ဒေါ်ချောစုကြည်က ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများနှင့် အခွန်ပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပြီး ကော့သောင်းမြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)