နာဂဒေသ၊ လဟယ်မြို့၌ (၂၇)ကြိမ်မြောက် လဟယ်မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

လဟယ် ဇူလိုင် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် (၂၇)ကြိမ်မြောက် လဟယ်မြို့နယ်လုံးဆိုင်ရာ စု‌ပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်၊ (၉)နာရီအချိန် လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဌာန ဗဟိုကျောင်းဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောဿသ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား စတင်ပါသည်။ ထို့နောက် မြို့နယ်သံဃနာယက အကျိုးတော်ဆောင်(ဗဟို) သာသနာပြု ခေါင်းဆောင်ဆရာတော်၊ ဘဒ္ဒန္တသုမန (သာသနဓဇဓမ္မာစရိယ၊ သာသနာ့သက္ကသီလဓမ္မာစရိယ(B.A -Buddhism အရှင်သူမြတ်ထံမှ (၅) ပါးသီလခံယူ ဆောက်တည်ပါသည်။

ထို့နောက်ကြွရောက်လာကြသော သူတော်စင်အပေါင်းတို့က မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်း၊ ပန်းနှင့် ဆီမီးတော်တို့ကို ဆက်ကပ်လှူဒါန်းကာ သံဃာတော်များထံမှ ပရိတ်တရားတော်များကို နာယူကြည်ညိုကြပါသည်။ ၎င်းနောက် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီကျော်ကျော်နှင့် ဦးလှထွန်း၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးတို့မှ ကကန်တော့ပွဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး အလှူရှင်များက ဝါဆိုသင်္ကန်းများကို ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အတွက် သံဃာတော်များက ရေဆက်ချတရားတော်များ ချီးမြှင့်တော်မူပါသည်။ ၎င်းနောက်အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းပြီးနောက် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၂၇)ကြိမ်မြောက် လဟယ်မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ သံဃာတော် (၄၉) ပါး၊ ရှင်သာမဏေ (၄၂) ပါး၊ သီလရှင်ဆရာကြီးနှင့် ဆရာလေး (၄၄) ပါးတို့အား ဝါဆိုသင်္ကန်း (၉၈) စုံ၊ စုစုပေါင်း လှူဒါန်းငွေ (၁၂၀၇၃၀၀၀) ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)