မုံရွာ ဇူလိုင် ၈
မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဦးဆောင်ကာ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအခမ်းအနားကို ဇူလိုင်လ(၈)ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုလွင်က အမှာစကားပြောကြားပြီးနောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းအိအောင် က အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအား ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်တွင် ပလတ်စတစ်ညစ်ညမ်းမှု လျော့ချပေးနိုင်ခြင်း၊ အမှိုက်ပမာဏကို လျှော့ချနိုင်ခြင်းနှင့် ပြန်လည်တီထွင်အသုံးပြုနိုင်ဖို့အတွက် အခွင့်အလမ်းအများအပြား ရရှိနိုင်ခြင်းတို့အပြင် လူသားတို့နေထိုင်ရာ ကမ္ဘာ့မြေထု၊ လေထု၊ ရေထုအတွင်း မှီတင်းနေထိုင်သည့် သက်ရှိသတ္တဝါများအတွက် အစာကွင်းဆက်ကောင်းမွန်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် အခမ်းအနားသို့ တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် ဝန်ထမ်းများပူးပေါင်းပြီး အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသောအမှိုက်နှင့် ပလတ်စတစ်အမှိုက် ခွဲခြားစွန့်ပစ် လက်တွေ့သရုပ်ပြသနေမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တက်ရောလာကြသူများအား စွန့်ပစ်ပစ္စည်းများ စနစ်တကျစီမံခန့်ခွဲခြင်းနှင့် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်း အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)