ကြံခင်းမြို့နယ်လုံးဆိုင်ရာ လောကသယမ္ဘူစေတီတော်ကြီးတွင် အကြိမ်(၄၀)မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပိတ်သိမ်းပွဲနှင့် တာဝတိံသာမြတ်စွာဘုရားအား ဝါဆိုကြာသင်္ကန်း၊ ထီး၊ ယပ်၊ မျက်နှာကျက်နှင့် တံခွန်လုံးလှူဒါန်းပွဲကျင်းပ

ကြံခင်း ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ လောကသယမ္ဘူ စေတီ တော်ကြီး၏ ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီက အကြိမ်(၄၀)မြောက် အသံမစဲမဟာပဋ္ဌာန်းပွဲ ပိတ်သိမ်းပွဲနှင့် တာဝတိံသာမြတ်စွာဘုရားအား ဝါဆိုကြာသင်္ကန်း၊ ထီး၊ ယပ်၊ မျက်နှာကျက်နှင့် တံခွန်လုံး လှူဒါန်းပွဲအခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ မနုမောဒနာတိုက်တွန်းလွှာဂါထာအား ကမ္ဘာလုံးကျောင်းတိုက်ဆရာတော်လည်းကောင်း၊ ရေဝန်းကျောင်းတိုက်ဆရာတော်က ပင့်ဖိတ်ထားသည့် နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်သော ဂါထာတော်များအား ရွတ်ဖတ်သရဇ္ဈာယ်ကြသည်။ ထို့နောက် အသံမစဲမဟာပဋ္ဌာန်းပွဲ ရွတ်ဖတ်သရဇ္ဈာယ် ကြသော ဆရာတော်၊ သံဃာတော်များအား အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီး ဇူလိုင်လ ၅ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ညအချိုရည်များနှင့် ပဋ္ဌာန်းပိတ်သိမ်းပွဲ တွင် ကြွရောက်ချီးမြှင့်ကြသော ဆရာတော်ကြီးများနှင့် ဧည့်ပရိတ်သတ်များအား နေ့လယ်စာအတွက် လှူဒါန်းကြသော အလှူရှင်များအား လောကသယမ္ဘူ စေတီတော်ကြီး၏ ဂေါပကအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပေးအပ်ခဲ့ကြသည်။ဆက်လက်၍ စံရာတိုက်စာချကျောင်းတိုက်ဆရာတော် ဆရာတော်ဦးဝိစိတ္တကထံမှ အနုမောဒန တရားချီးမြှင့်နာယူကြပြီး လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုကြ၍ ရုတ်သိမ်းကာ ကျောင်းတိုက်အသီးသီးမှ ဆရာတော်ကြီးများအား အလှူရှင်မိသားစုက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)