ကန့်ဘလူ ဇူလိုင် ၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းမိသားစုများစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၈ ရက်နံနက် ၉ နာရီခွဲက ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးနှင့် ဝန်ထမ်းများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ကန့်ဘလူမြို့နယ် နတ်ပေးကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္ဒောဘာသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်တို့၏ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးနှင့်ဝန်ထမ်းများက ဆရာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းနှင့် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းနှင့်အချိုပွဲများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
အောင်ဝင်ငြိမ်း (ကန့်ဘလူ)