ဟုမ္မလင်း ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အမှိုက်များစွန့်ပစ်ရာတွင် စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန်ရည်ရွယ်၍အမှိုက်အမျိုးအစားခွဲခြားစွန််ပစ်နည်း သရုပ်ပြပွဲကို အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် ဟုမ္မလင်းမြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှဌေးနွယ်က အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်၊ ဘေးအန္တရာယ်ရှိအမှိုက် ပုံးများ အရောင်ခွဲခြားသတ်မှတ်ထားမှုများနှင့်ပတ်သက်၍လည်းကောင်း၊ အမှိုက်ပုံးတွင် တပ်ထားသောအမည်များနှင့်လိုက်၍ စွန့်ပစ်ရမည့်အမှိုက်အမျိုးအစားများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားပြီး လက်တွေ့သရုပ်ပြသခဲ့သည်။
အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများတက်ရောက်ပြီး၊ တက်ရောက်လာသူများအား အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း နည်းအသိပညာပေး လက်ကမ်းစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)