မြိတ် ဇူလိုင် ၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများမှ တစ်ဆင့် လူထုအတွင်းသို့ ရှေးဦးပြုစုခြင်းပညာရပ်နှင့် ရှေးဦးပြုစုခြင်းလုပ်ငန်းများ ပိုမိုကျယ်ပြန့်အောင်ဆောင်ရွက်နိုင်စေရန် တက္ကသိုလ်ကြက်ခြေနီအသင်း(ခွဲ)မှကြီးမှူး၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံအဆင့်) (၁/၂ဝ၂၅) သင်တန်း ဆင်းပွဲကို ဇူလိုင်၈ရက် နံနက်ပိုင်းက ပုလဲသစ္စာခန်းမတွင် ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် တက္ကသိုလ်ကျောင်းသား/ကျောင်းသူများက “တစ်မိုးအောက်က ကြက်ခြေနီ ” သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြပြီး မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နေသွယ်ကြည် က သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် မြိတ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒု-ဥက္ကဋ္ဌ ဦးမျိုးအောင်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်၊ သင်တန်းသား၊သင်တန်းသူများအတွက် သင်တန်း ဆင်း လက်မှတ်များ၊ သင်တန်းအောင်လက်မှတ်များ၊ သင်တန်းထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများကို တက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများကဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် မြိတ်ခရိုင်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲသို့ ကြက်ခြေနီတံဆိပ်ပါ အင်္ကျီအထည် ၂၀ ပေးအပ်သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား/သင်တန်းသူ ၅၇ဦးတို့ကို ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစုခြင်း အခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ မူးမေ့ခြင်း၊ သတိလစ်ခြင်း၊ စိတ်ချရသော ဘေးစောင်းအနေအထား၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်း၊ တုတ်ခြင်း၊ မြွေကိုက်ခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြု နည်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့်ရိုးဆစ်ကြောဒဏ်ရာ၊ ဦးခေါင်းဒဏ်ရာနှင့်ကျောရိုးတန်းမကြီးဒဏ်ရာ၊ ကိုင်တွယ်ခြင်းနှင့် သယ်ဆောင်နည်းများ စသည့်ဘာသာရပ်များကို လေးရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )