ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးရာသီ၌ ပဲမျိုးစုံ ဧက ၉၀၀၀ ကျော်စိုက်ပျိုးပြီးစီး

ကျွန်းလှ ဇူလိုင် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ ဧက ၉၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဒီနှစ် ကျွန်းလှမြို့နယ်မှာ မိုးရာသီပဲမျိုးစုံစိုက်ပျိုးဖို့ ၁၆၉၅၃ ဧကလျာထားပြီး လက်ရှိအချိန်ထိ ၉၁၃၆ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ သီးညှပ်စိုက်ပျိုးကြသလို သီးသန့်လည်းစိုက်ပျိုးကြပါတယ်။ တောင်သူတွေ တွက်ခြေကိုက်သီးနှံဖြစ်ခြင်းကြောင့် တိုးချဲ့စိုက်ပျိုးကြပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ပဲမျိုးစုံသီးနှံကို ရာသီအလိုက်စိုက်ပျိုးကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်ရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး ကွင်းသရုပ်ပွဲများ ပြုလုပ်ခြင်း၊ သင်တန်းများဖွင့်လှစ်ပေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ