မုံရွာ ဇူလိူင် ၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)သို့ ရောက်ရှိကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ရှိ သတ်မှတ်အားကစားရုံများတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကရာတေး၊ အလေးမနှင့် လက်ဝှေ့အားကစားနည်းများ စုဖွဲ့လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး သက်ဆိုင်ရာအားကစားနည်းပြများ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံပြီး သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့ လေ့ကျင့်နေကြသည့် အားကစားနည်းများအလိုက် အစုအဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း အာကစားနည်းများ ပညာသင်နှစ် တစ်နှစ်ထက်တစ်နှစ် တိုးတက်မြင့်မားလာအောင် အစွမ်းကုန်လေ့ကျင့်သွားကြရန် လိုအပ်ပါကြောင်း၊ အရည်အချင်းရှိပြီး အားကစားသမားများအနေဖြင့်လည်း ယခင်နှစ်များထက် စံချိန်တိုးတက်အောင် အစဉ်တစိုက် လေ့ကျင့်သွားကြရန်နှင့် ယှဉ်ပြိုင်သည့်ပြိုင်ပွဲများတွင်လည်း ထိုက်တန်သည့် ဆုတံဆိပ်များရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ထူးချွန်အားကစားသမားများအား ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ စားရိပ်သာတွင် ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများ၊ နည်းပြများ၊ သင်တန်းသား/ သင်တန်းသူများနှင့်အတူတကွ အထူးနေ့လယ်စာအား သုံးဆောင်ခဲ့ကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ကျောင်းအုပ်ကြီးထံ ငွေကျပ် - ၁၀ သိန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)