ဒေးဒရဲ ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်သူများကျန်းမာရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပိုမိုရရှိစေရန်နှင့် ကူးစက်နိုင်သောရောဂါများ ကြိုတင်ကာကွယ်နိုင်ရေးရည်ရွယ်၍ အသည်းရောင်အသားဝါရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူးအဆင့်(၁) ဦးကျော်စွာဝင်းက ကမ္ဘာ့ကျန်းမာရေးစစ်တမ်းများအရ အသည်းရောင်၊ အသားဝါကူးစက်ခံရမှု၊ နာတာရှည်ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများမှာ နှစ်စဥ်မြင့်တက်လျက်ရှိပြီး အသည်းရောင်၊ အသားဝါရောဂါသည် အသည်းရောင်အသားဝါ ဗိုင်းရပ်ပိုးများကြောင့် အဖြစ်အများဆုံးဖြစ်ပြီး အချို့ဓာတုပစ္စည်းများနှင့် ဆေးဝါးများ၊ အရက်သေစာသောက်သုံးခြင်းကြောင့် ဖြစ်ပွားနိုင်ပြီး ယေဘူယျလဏ္ခဏာများဖြစ်သည့် ဖျားခြင်း၊ မောပန်းလွယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ဆီအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ပျော့ခြင်း၊ အဆစ်အမြစ်ကိုက်ခဲနာကျင်ခြင်း စသည့်ရောဂါလက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆေးကုသမှုခံယူရန်နှင့် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည့် နာတာရှည် အသည်းရောင်ရောဂါ၊ အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာရောဂါများ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည့် မေးမြန်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူများအား အသည်းရောင်အသားဝါ ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များနှင့် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း