ဝေါ ဇူလိုင် ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆပ်သွားခြုံကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ် မြသန္တာခိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန် ဆွေးနွေးတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာနိုင်ကြစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက ပေါင်းဆက်ညှိနှိုင်းပေးသူအဖြစ်ဆောင်ရွက်ပေးပြီး၊ အ.ထ.က (ခွဲ) ဆပ်သွားခြုံကျောင်းမှ Grade(11) ကျောင်းသူ မသင်းသင်းထွေးက သိမ်ငယ်ခြင်းမှ အောင်မြင်ခြင်းပန်းတိုင်သို့ ခေါင်းစဉ်ဖြင့်လည်းကောင်း ၊Grade(11) ကျောင်းသူ မအိအိဖြိုးက အချစ်ဆိုတာဘာလဲခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(11) ကျောင်းသူ မသင်မြတ်လှိုင်က လူငယ်နှင့် ပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(10) ကျောင်းသား မောင်ဝေယံဖြိုးက လူငယ်နှင့် ကျန်းမာရေးခေါင်စဥ်ဖြင့်လည်းကောင်း၊ Grade(11)ကျောင်းသူ မမိုးကြယ်စင်က ကျောင်းနှင့် ပညာရေးစသည့်ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)