ရေဖြူ ဇူလိုင် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျေးရွာအချို့၌ တစ်ပိုင်တနိုင်ဝက်မွေးမြူရေး လုပ်ကိုင်ကြရာ ဈေးကောင်းရရှိကြောင်း ဝက်မွေးမြူရေး လုပ်ကိုင်နေသူတစ်ဦးထံမှ သိရသည်။
ရေဖြူမြို့နယ်ရှိ မင်းဒပ်၊ သစ်တိုထောင့်၊ ဧကနိ၊ ဒူးတောင်၊ ရငဲကျေးရွာ၌များ မြေနေရာခြံဝင်းကျယ်များတွင် ဝက်ခြံများတည်ဆောက်ကာ မျိုးသန့်ဝက်များကို (၁၀) ကောင် (၁၅) ကောင်မှ အကောင် (၄၀) အထိမွေးမြူကြသည်။
"အရင်လက ထားဝယ်ဒိုင်တွေက ဝက်အကောင်လိုက်ရောင်းချရာ တစ်ပိဿာကို (၃၅၀၀၀/) ကျပ် ဈေးရရှိခဲ့ပြီး ယခုဇူလိုင်လတွင် တစ်ပိဿာ (၃၀၀၀၀) ကျပ်နှင့် ပေးဝယ်သည်ဟု သိရသည်။ ဝက်အစာဈေးတွေ ကြီးလာတာရယ် ဝက်ဈေးကြီးတာရယ်ကြောင့် ဈေးတင်ရောင်းရကြောင်း" ဝက်မွေးမြူသူ (ခ) ရပ်ကွက်နေ ကိုဇေက ပြောသည်။
ဝက်ကလေးတစ်ကောင်ကို (၃၅၀၀၀၀) ကျပ်နဲ့ဝယ်ပြီး အစာကျွေးမွေးတာ သုံးလအကြာမှာ အရွယ်ရောက် ဝက်တစ်ကောင်ကို (၃၀၀၀၀၀၀/) ကျပ်နှင့် ပြန်ရောင်းရကြောင်း၊ ဝက်တစ်ကောင် အစာဖိုးအရင်က ၁၀ သိန်း လောက်ကုန်မည်ဖြစ်သော်လည်း ယခုအချိန်တွင် ၁၅ သိန်း ကုန်ကျစရိတ်ရှိကြောင်း၊ ဝက်သားဈေးတက်သောကြောင့် အမြတ်ရပြီး တွက်ချေကိုက်ကြောင်း သိရသည်။
ရေဖြူမြို့နယ်တွင် ဝက်မွေးမြူရေး လုပ်ကိုင်သူများပြီး ထားဝယ်မြို့က ကားဖြင့်လာရောက်ဝယ်ယူကြသောကြောင့် ဝက်မွေးမြူရေးလုပ်ငန်းကနေ မိသားစုဝင်ငွေရရှိကြောင်း သိရသည်။
ခတ္တာ