အုတ်ဖိုမြို့၌ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ဖွင့်ပွဲအခမ်းအနား ကျင်းပ

အုတ်ဖို ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မိုးညိုတန်းရပ်ကွက်၊ ချမ်းမြသာမြေမြို့သစ်၊ (အ.လ.က) ချမ်းမြသာမြေတွင် ယမန်နေ့မွန်းလွဲပိုင်းက ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝေလင်းက အဖွင့်အမှာစကားပြောကြားပြီး အမှတ် (၁) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး (အငြိမ်းစား) ဆရာကြီးဦးမြင့်ဆွေက ကျောင်းပြင်ပမူလတန်းပညာရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ယဉ်ယဉ်လှိုင်က ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ပတ်သက်၍ ဆောင်ရွက်ထားသည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စေတနာရှင်များမှ လှူဒါန်းသော စာရေးကိရိယာများနှင့် အလှူငွေများကို သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

အောင်သူ