မင်းလှ ဇူလိုင် ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးက ဦးဆောင်၍ အမှိုက်များစွန့်ပစ်ရာတွင် စနစ်တကျခွဲခြားစွန့်ပစ်တတ်စေရန် ရည်ရွယ်၍ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်နည်းသရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အ.ထ.က မင်းလှ (မြို့ပြင်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သရုပ်ပြပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်သီတာဝင်းက အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်၊ ဘေးအန္တရာယ်ရှိ အမှိုက်ပုံးများ အရောင်ခွဲခြားသတ်မှတ်ထားမှုများနှင့် အမှိုက်ပုံးတွင် တပ်ထားသော အမည်များနှင့်လိုက်၍ စွန့်ပစ်ရမည့် အမှိုက်အမျိုးအစားများတို့ကို ရှင်းလင်းပြောကြားပြီး လက်တွေ့သရုပ်ပြသခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်ခြင်းကို သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပေါက်စ