သာယာဝတီ ဇူလိူင် ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးပြီး ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများစုပေါင်း၍ ၂၀၂၅ ခုနှစ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက သာယာဝတီမြို့နယ်၊ ကျိုက်ထိုဇောတိကာရုံ ပရိယတ္တိစာသင်တိုက်ကြီး၌ ကျင်းပသည်။
ဦးစွာ ဆယ်မြို့၊ မဟာထူပါရုံ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ ဓမ္မာနုဓမ္မ မဟာဒွါရနိကာယ ဂဏာဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညောဘာသ မဟာထေရ်မြတ်ကြီးထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်များကို ရိုသေစွာ နာယူကြည်ညိုကြသည်။
ယင်းနောက် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး သံဃာတော်အရှင်သူမြတ်တို့ထံ ဝါဆိုလျာသင်္ကန်းနှင့် သီလရှင်ဆရာကြီးများထံ သီလရှင်ဝတ်စုံများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များမှ ဘိုကြီးကုန်းကျောင်းတိုက် ဦးစီးပဓာန နာယက၊ နိုင်ငံတော်သံဃမဟာနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသဒ္ဓမ္မောဒယ အရှင်သူမြတ်ကြီးထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်များမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းပေးကြပြီး “ဗုဒ္ဓသာသနရံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)