ပေါက်ခေါင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့် မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ပေါက်ခေါင်း ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် တောင်သူလယ်သမားများက လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းနှင့်တွဲဖက်ကာ ဆောင်းသီးနှံတစ်မျိုးဖြစ်သော မြေပဲစိုက်ပျိုးခြင်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ မြေပဲစိုက်ပျိုးဧကများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားအများစုမှာ လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသော်လည်း စိုက်ပျိုးစရိတ်ကုန်ကျငွေနည်းပါးသော မြေပဲသီးနှံကို အိမ်တွင်းစားသုံးဆီဖူလုံစေရေးနှင့် တောင်သူများဝင်ငွေတိုးတက်စေရေးတို့အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း သိရသည်။

မြေပဲစိုက်ပျိုးရာတွင် အတန်းလိုက်စနစ်ဖြင့် စိုက်ပျိုးကြပြီး အပင်ပေါက်ချိန်တွင် ပေါင်းသတ်ဆေး ပထမအကြိမ်ဖျန်းပေးခြင်း၊ ပိုးကျချိန်တွင် ပိုးသတ်ဆေး ဒုတိယအကြိမ်ဖျန်းပေးခြင်းနှင့် မြေပဲဥချိန်၌ အသီးအပွင့်အားဆေး တတိယအကြိမ်ဖျန်းပေးခြင်း ပျမ်းမျှစုစုပေါင်း (၃) ကြိမ် ဆေးဖျန်းပေးခြင်းဖြင့် မြေပဲအထွက်နှုန်းကောင်းပြီး အရည်အသွေးမြင့်သော မြေပဲမျိုးကောင်းမျိုးသန့်များ ရရှိမည်ဖြစ်ကြောင်း မြေပဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)