ဇလွန်မြို့နယ် ဝန်ထမ်းအင်အား ငွေစုငွေချေး သမဝါယမအသင်း၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအ​ဝေးကျင်းပ

ဇလွန် ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဝန်ထမ်းအင်အား ငွေစု ငွေချေး သမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဇလွန်မြို့နယ် ဝန်ထမ်းအင်အား ငွေစုငွေချေး သမဝါယမအသင်း၏ သဘာပတိနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဥ်စိုးအေးတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသော အသင်းဝင်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးတင်ပြ၍ ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ အသင်းစာရင်းစစ် အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို အတည်ပြုချက်ရယူခဲ့ပြီး အဆိုပါအသင်းမှ အသင်းသား (၁၁၉၃) ဦးအတွက် အစုပေါ်အမြတ်ငွေကျပ် (၁၃.၆) သိန်း၊ အစုနှင့် ရင်းနှီးငွေပေါ် အကျိုးအမြတ်ငွေကျပ် (၉၃.၇၇) သိန်းနှင့် ထည့်ဝင်ငွေပေါ် အကျိုးအမြတ်အဖြစ် ကျပ် (၁၇၈.၈၇) သိန်း စုစုပေါင်း ကျပ်(၂၈၆.၂၄) သိန်းကို ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဝေယံ

ဇလွန် (ပြန်/ဆက်)