ဟင်္သာတ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ခရိုင်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက်ခရိုင်ဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက် လာကြသော ဌာနဆိုင်ရာအကြီးအကဲများမှ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) စမ်းသပ်မဲပေးခြင်း၊ သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါသင်တန်းသို့ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ မြို့နယ် ၆ မြို့နယ်မှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယဦးစီးမှူးများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၇ ဦး တက်ရောက် ခဲ့ကြပြီး သင်တန်းအား ဇူလိုင် ၈ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)