ထားဝယ် ဇူလိုင် ၇
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် (၂၅) နှစ်အောက် (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး တိုင်းဒေသကြီး၀န်ကြီးချုပ်အား စစ်ရေးပြမှူး ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အလေးပြုပြီး တန်းအပ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြို့နယ်ပေါင်းစုံ (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၀)ရက်နေ့တွင် ကျင်းပမည့် ဖူဆယ်ဘောလုံးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရန် တိုင်းလက်ရွေးစင် ရွေးချယ်နိုင်ရေးအတွက် ကျင်းပပြုလုပ်ခြင်းဖြစ်သလို မြို့နယ်အသီးသီးက အားကစားသမား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိရေး၊ မျိုးဆက်သစ် ဖူဆယ်ဘောလုံးသမားများ ထွက်ပေါ်လာရေးနှင့် ဖူဆယ်ဘောလုံး အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာရေးတို့အတွက် ရည်ရွယ်ကျင်းပသည့် ပြိုင်ပွဲတစ်ခုလည်းဖြစ်ကြောင်း၊ ဖူဆယ်ဘောလုံးအားကစားသမားများ အနေဖြင့်အနိုင်/အရှုံးတစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်သည်မျိုး မဟုတ်ဘဲ မိမိမြို့နယ်၏ ဂုဏ်၊တိုင်းဒေသကြီးဂုဏ်၊ နိုင်ငံတော်၏ဂုဏ်ကို ဆောင်နိုင်မည့်ထိုက်တန် ထူးချွန်သောအားကစားသမားကောင်းများ ပေါ်ထွက်ရေးနှင့်သတ္တိရှိမှု၊ သီးခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွှတ်မှု၊ ယဉ်ကျေးမှု၊ စည်းကမ်းကို ရိုသေးလိုက်နာတတ်မှု စသည့် အခြေခံကောင်းများကို အစွမ်းကုန် ဖော်ထုတ်ပြသရင်း အနိုင်ရရှိရေးအတွက် ကြိုးစားယှဉ်ပြိုင် သွားကြရန်လိုအပ်ကြောင်း၊ ယခုပြိုင်ပွဲကနေ အရည်အချင်းရှိသည့် ဖူဆယ်ဘောလုံး အားကစားသမားများကို စိစစ်ရွေးချယ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲကိုစေလွှတ် ယှဉ်ပြိုင်သွားမှာဖြစ်သောကြောင့် ဖူဆယ်ဘောလုံးအားကစားသမားများအနေဖြင့် တိုင်းဒေသကြီး လက်ရွေးစင်အဖြစ် ရွေးချယ်ခံရအောင် ကိုယ်စီကျွမ်းကျင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုတို့ဖြင့် အနိုင်မခံအရှုံးမပေးသော အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် ကြိုးစား ယှဉ်ပြိုင်ကစားကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြီးခဲ့သည့် အမျိုးသား အားကစားပွဲတော် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တတိယရရှိခဲ့သောကြောင့် တိုင်းဒေသကြီး အမျိုးသားဖူဆယ် ဘောလုံးအသင်းကို ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်ခဲ့ပြီးဖြစ်သလို ယခုကျင်းပမည့်ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရရှိလာပါက ထပ်မံဂုဏ်ပြုချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် အရည်အချင်းပြည့်ဝသော မြို့နယ်ဂုဏ်ဆောင်၊ တိုင်းဒေသကြီးဂုဏ်ဆောင်၊ အားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစား ယှဉ်ပြိုင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထိုနောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ သရက်ချောင်း မြို့နယ်အသင်းနှင့် လောင်းလုံးမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြရာ လောင်းလုံးမြို့နယ်အသင်းက (၄) ဂိုး (၂) ဂိုးဖြင့် အနိုင်ရရှိသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဖလားမြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် (အမျိုးသား) ဖူဆယ်ဘောလုံး ပြိုင်ပွဲတွင် အသင်း (၈) သင်းဖြင့် အုပ်စုများခွဲ၍ ဇူလိုင် ၁၀ ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)