ရွှေတောင်မြို့နယ်တွင် သာသနဓဇဓမ္မာစရိယဂုဏဝိသိဌပူဇာသဘင်နှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ရွှေတောင် ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ကသဲတန်းလမ်း ၊သာသနာ့ဗိမာန်တော်၌ ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းက ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်တော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင် (၄၇)ပါးတို့အား ဂုဏ်ပြုပူဇော်အပ်သော သာသနဓဇဓမ္မာစရိယဂုဏဝိသိဌပူဇာသဘင်နှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သံဃနာယက ဆရာတော်ကြီးများထံမှ သြဝါဒတရားနားယူပြီး ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ဆက်လက်၍ စာအောင် ရဟန်း၊ သာမဏေ၊ သီလရှင်များအား နိုင်ငံတော်မှလှူဒါန်းသည့် ဝတ္ထုငွေနှင့် ဘွဲ့လက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်း၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများမှလှူဒါန်းသော အလှူငွေကျပ် (၁၃၅၉၀၀၀ိ/-)ကျပ်၊ အလှူရှင်အသီးသီးတို့က စာအောင်ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား အလှူငွေနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား လှူဒါန်းပူဇော်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရွှေတောင်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်များ၊ ကျောင်းတိုက်အသီးသီးရှိ ဆရာတော်ကြီးများ၊ စာအောင်ရဟန်း၊ သာမဏေ၊ သီလရှင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သာသနာ့ဗိမာန်အကျိုးတော်ဆောင်အဖွဲ့နှင့် ဝတ်အသင်းအဖွဲ့များ၊ အလှူရှင် ဒါယကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)