ပခုက္ကူ ဇူလိုင် ၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူတက္ကသိုလ်သမိုင်းဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာအေးကျော်က (၇၈) နှစ်မြောက် အာဇာနည်နေ့နှင့်ပတ်သက်သော အကြောင်းအရာများ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များ၏ လွတ်လပ်ရေးရရှိပိုင်ဆိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ထာဝရစဉ်ရှင်သန်ထက်မြက်ရေးအကြောင်းတို့ကို အသိပညာပေးဟောပြောသည်။
ထို့နောက် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို တက္ကသိုလ်အဆင့်စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများအား ခေတ္တပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)