မကွေး ဇူလိုင် ၇
၂၀၂၅ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မကွေးတိုင်းဒေသကြီး အားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်း မြှင့်မားလာစေရန်၊ အားကစားလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ဖွံ့ဖြိုးသော မျိုးဆက်သစ်လူငယ်များထွက်ပေါ်လာစေရန်နှင့်တိုင်းဒေသကြီးလက်ရွေးစင်အားကစားသမားများမှတစ်ဆင့် နိုင်ငံဂုဏ်ဆောင်နိုင်သည့် ဖူဆယ်အားကစားသမားကောင်းများ ထွက်ပေါ်လာစေရေးအတွက်ရည်ရွယ်ပြီး ယခုလိုကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ဖူဆယ်အားကစားနည်းသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းကစားရသည့်အားကစားနည်းမျိုးမဟုတ်ဘဲ အသင်းလိုက်စုစည်းပြီး တစ်ဦးနှင့် တစ်ဦး အချိတ်အဆက်မိမိ ယှဉ်ပြိုင်ကစားရသော အားကစားနည်းဖြစ်ကြောင်း ပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး အားကစားသမားများက သစ္စာအဓိဌာန်ရွတ်ဆိုကြသည်။
ဆက်လက်၍ အ-ထ-က (ခွဲ) ဆားစည်ကျောင်းမှ ဘင်ခရာအဖွဲ့အား မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ်မှ ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက အမျိုးသားပထမဆုံးပွဲစဉ်အဖြစ် အောင်လံခရိုင်အသင်းနှင့် ပခုက္ကူခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးရာ ပခုက္ကူခရိုင်အသင်းက (၇) ဂိုး (၃) ဂိုးဖြင့် အနိုင်ရခဲ့သည်။
အဆိုပါခရိုင်ပေါင်းစုံအသက်(၂၅)နှစ်အောက်အမျိုးသားဖူဆယ်ပြိုင်ပွဲကိုတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များမှ အသင်း (၆) သင်းက အုပ်စုပတ်လည်ကစား၍ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင်ပွဲအခမ်းအနားကို ဇူလိုင်လ (၁၀) ရက်နေ့တွင် ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်ဆက်)