တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မုန်တိုင်းဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းသို့  တက်ရောက်ကြည့်ရှုအားပေး 

ထားဝယ် ဇူလိုင် ၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ထားဝယ်ခရိုင်အတွင်း မုန်တိုင်းဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်ကျရောက်လာပါက အထိရောက်ဆုံးနှင့် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်ပြုစုခြင်းလုပ်ငန်းများ၊ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့၊ လူမှုရေးအဖွဲ့၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ မုန်တိုင်းဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ကြသည်။

ထို့သို့ မုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်နေရာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ထို့နောက် ကျောင်းဝင်းအတွင်းပူးပေါင်းအဖွဲ့များက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်သော မိုးလေဝသသတင်းအခြေအနေများကို စဉ်ဆက်မပြတ် နားထောင်ရန်အသိပေးကြေညာခြင်း၊ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်းအခြေအနေနှင့် ပတ်သက်သည့် အရောင်အဆင်းသတ်မှတ်ချက်ပြောင်းလဲမှုများနှင့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာခြင်း၊ မုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး လိမ္မော်ရောင်မှ အနီရောင်အဆင့်သို့ ပြောင်းလဲသွားသည်ဟု သတင်းရရှိမှုကြောင့် သဏ္ဍာန်တူဆောင်ရွက်ထားသည့် မုန်တိုင်းဒဏ်ခံအဆောက်အဦ Multi-Purpose Shelter သို့ပြောင်းရွှေ့ကြရန်ကြေညာခြင်း၊ ကျေးရွာသူ၊ ကျေးရွာသားများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကလေးမိခင်များ၊ မသန်စွမ်းသူများအား ကူညီရွှေ့ပြောင်းပေးခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့်တို့ကို မုန်တိုင်းဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ကြသည်။

ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်၊ လူနာကူညီသယ် ဆောင်ရေးယာဉ်များဖြင့် အလျင်အမြန်ရောက်ရှိနေရာယူကြပြီး ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာများအား အသုံးပြု ၍ ကယ်ဆယ်ခြင်းများကို လျင်မြန်စွာ ပြင်ဆင်ဆောင်ရွက်ကြသည်။  

ထိုနောက်မုန်တိုင်းလှုပ်ခတ်ပြီးသည့်နှင့် တစ်ပြိုင်နက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကျောင်း၊ အဆောက်အဦနှင့် သစ်ပင်များအတွင်း၌ ပိတ်ဆို့ဖိမိနေသူများအား လိုက်လံရှာဖွေပြီး ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြု၍ လျင်မြန်စွာကယ်ထုတ်ခြင်း လုပ်ငန်းများဆောင်ရွက်ကြသည်။

ဆက်လက်ပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရရှိသူများကို လွှဲပြောင်းပေးအပ်ရာ အရေးပေါ်လူနာကူညီသယ်ဆောင်ရေး အဖွဲ့များက ဆက်လက်သယ်ဆောင်၍ ရှေးဦးပြုစုခြင်းနှင့် အရေးပေါ်နှလုံးနှိုးဆွ အသက်ရှုနည်းဖြင့် ပြုစုပေးကြပြီး ကယ်ဆယ်ရေးယာဉ်ဖြင့် တင်ဆောင်၍ နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးခြင်း၊ ကျောင်းသားမိဘများထံအပ်နှံခြင်းတို့ကို အချိန်တိုအတွင်း အလျင်အမြန်ပြီးစီးရန် ဇာတ်တိုက်လေ့ကျင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက သဘာဝဘေးနှင့်ပတ်သက်၍ မဖြစ်ခင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ဖြစ်ပွားနေစဉ်ကာလအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ၊ ဖြစ်ပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများလေလေ ထိခိုက်မှုနည်းပါးမည်ဖြစ်ကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ၊ နှိုးဆော်ရေးလုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ကြိုတင်ပြင်ဆင်သတိပေးချက်များ၊ ကြိုတင်စီမံရမည့်လုပ်ငန်းများသည် အရေးကြီးကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ပစ္စည်းကိရိယာများ စုံလင်စွာရှိနေပြီးကြောင်း၊ သဘာဝဘေးအန္တရာယ်သည် မဖြစ်ပွားမီ အသက်အန္တရာယ်မကျရောက်ခင် လုပ်သင့်လုပ်ထိုက်သည်များ ကြိုတင်ဇာတ်တိုက်လေ့ကျင့်ထားရှိရန်လိုအပ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် စနစ်တကျဖြင့် လုပ်ဆောင်ပေးကြရန်လိုအပ်ကြောင်း ကျောင်းအခြေပြုမုန်တိုင်းဘေး ဇာတ်တိုက်လေ့ကျင့်မှုများတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ပူးပေါင်းပါဝင်သူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုပြောကြားသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)