အထက်မင်းလှ ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ပန်းတော်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းသိန်းမှ အလုပ်လုပ်နိုင်သည့် ကလေးသူငယ်၏ အသက်အရွယ်အပိုင်းအခြား၊ ကလေးအလုပ်သမားများကို အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခံရခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက်ချက်များ၊ ကလေးသူငယ်များကိုအန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် ခိုင်းစေခြင်း၊ ကလေးသူငယ်၏အခွင့်အရေးဆိုင်ရာများ၊ ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)