ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စမ်းချောင်းစဉ့်အိုးဖိုကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ငပုတော ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စမ်းချောင်းစဉ့်အိုးဖိုကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆရာအသင်း ကျောင်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူစောင့်တည်ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြပြီး ကျောင်းအုပ်ဆရာကြီး ဦးအောင်သူဝင်းနှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆရာအသင်းကျောင်း ကော်မတီအဖွဲ့ဝင်များက ပင့်ဖိတ်သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဓနာတရားနာယူပြီး လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုကြ၍ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)