မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော ပတ်ဝန်းကျင်၌ မိကျောင်းအန္တရာယ် သတိထားရှိရန် အသိပညာပေးနှိုးဆော်

ဘိုကလေး ဇူလိုင် ၇

မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောနှင့် ဆက်စပ်နေသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲကျေးရွာချောင်းထဲတွင် ဇူလိုင်(၂)ရက်နှင့် (၃)ရက်နေ့တို့တွင် နှစ်ရက်ဆက်တိုက် ကျေးရွာသား(၂)ဦးအား မိကျောင်းဆွဲခံခဲ့ရသဖြင့် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် မိကျောင်းဆွဲခံရအပြီး ရက်ပိုင်းများမှစတင်၍ နေ့စဉ်သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန် ထိမ်းသိန်းရေးဌာန၊ မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက မိကျောင်းအန္တရာယ်သတိထားရှိရန် အသံချဲ့စက်ဖြင့် မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောနှင့်ထိစပ်ရာ မြစ်၊ ချောင်းများ၌ လှည့်လည် အသိပညာပေးနှိုးဆော် ဆောင်ရွက်လျက်ရှိသည်။

အသိပညာပေး နှိုးဆော်ရာတွင် ယခုကာလ ဇွန်လမှ ဩဂုတ်လအတွင်း ကာလသည် မိကျောင်းများ အသိုက်ကိုက်၊ အသိုက်ဖွဲ့ပြုလုပ်သည့် ကာလဖြစ်သည့်အတွက် ရေချိုရေငန်စပ်မိချောင်းများ ရှင်သန်ပေါက်ဖွား ကျက်စားသည့် မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောနှင့် ဆက်စပ်ရာ ဒီရေတောဒေသများသည် မိကျောင်းအန္တရာယ်ရှိသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထိုဒေသများအတွင်း နေထိုင်ကြသူများသည် ချောင်းစပ်ကမ်းစပ်များ၌ အိမ်မွေးတိရိစ္ဆာန်များအား လွှတ်ကျောင်း မွေးမြူခြင်းမပြုကြရန်၊ ကျေးရွာသူ/သားများနှင့် ကလေးငယ်များအနေဖြင့် ချောင်းအတွင်း ရေကစားခြင်း၊ ရေထဲသို့ခုန်ချခြင်း၊  ကမ်းစပ်၌ အဝတ်လျှော်ခြင်း၊ အချိန်ကြာမြင့်စွာ ရေချိုးခြင်းများ မပြုကြရန်၊ ငါး၊ ပုဇွန်များ ရှာဖွေကြသည့် ရေလုပ်သားများအနေဖြင့်လည်း သတိကြီးစွာထားရှိရန်၊ မိချောင်းများ ကမ်းစပ်များ၌ ခိုလှုံမှုမရှိစေရေး ကမ်းစပ်များရှိ ခြုံ၊ နွယ်၊ ပိတ်၊ ပေါင်းများအား ရှင်းလင်းထားရှိရန်၊ မိချောင်းများရေပြင်၌ သွားလာကူးသန်းသည်ကို တွေ့ရှိပါက တုတ်၊ ခဲများဖြင့် ပစ်ပေါက်ခြောက်လှန့်ခြင်းများ မပြုလုပ်ကြရန် အသိပညာပေးနှိုးဆော်ကြကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)