ကြာအင်းဆိပ်ကြီးမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသ

ကြာအင်းဆိပ်ကြီး ဇူလိုင် ၇

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပသည်။

အဆိုပါဇာတ်လေ့ကျင့် သရုပ်ပြသပွဲ၌ ကြာအင်းဆိပ်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် လက်တွေ့ သရုပ်ပြသခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီမှူးက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့်ပတ်သက်ပြီး  ရှင်းလင်းပြသသည်။

ထို့နောက်မီးသတ်တပ်ဖွဲ့ဝင်များက အမှတ်(၂)ရပ်ကွက် စိုက်ပျိုးရေးဦးစီးဌာနရှိ သောက်သုံးရေကန်အတွင်း ရေပြင်ကယ်ဆယ်ရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အရေးပေါ်လူနာ ကုသမှုများအား လက်တွေ့သရုပ်ပြသခဲ့ကြောင်းသိရသည်။

အဆိုပါဇာတ်တိုက်လေ့ကျင့်သရုပ်ပြသပွဲ၌ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဆရာ/ဆရာမများ ကျောင်းသားကျောင်းသူများ လူမှုရေးအသင်းအဖွဲ့များနှင့် မိဘပြည်သူများမှ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်