ရေနံချောင်း ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင်လ (၅) ရက်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ဆောင်ရွက်သည်။
ရှေးဦးစွာ ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးကြည်စိုးဟန်က စာသင်ကျောင်းမီးဘေးလုံခြုံရေးအတွက် ကျောင်းပတ်ဝန်းကျင်တွင် မီးလောင်လွယ်စေသည့် အမှိုက်သရိုက်များ ရှင်းလင်းထားရှိရေး၊ လျှပ်စစ်ဝါယာကြိုးများ စနစ်တကျသွယ်တန်းထားရှိရေး၊ ရေလှောင်ကန်များတွင် ရေလုံလောက်စွာ သိုလှောင်ထားရှိရေး၊ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းများနှင့် မီးဘေးကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးဟောပြောပြီး မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းများနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးနည်းလမ်းများကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာ တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက လက်တွေ့လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်