ထားဝယ် ဇူလိုင် ၇
တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၆ ရက် နံနက် ၉ နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမ ရည်မှန်းချက်သည် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ရေးဖြစ်ကြောင်း၊ ထို့သို့ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်း၌ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အသက်(၁၈)နှစ်ပြည့် လူဦးရေစာရင်းများအား သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့်အထိ ပြန်လည်စိစစ်၍ လျာထား မဲရုံများအလိုက် မဲစာရင်းပြုစုနိုင်ရေး ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များ၌ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့်လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လွတ်လပ်၍တရားမျှတပြီးသိက္ခာရှိသည့်ရွေးကောက်ပွဲ တစ်ရပ်ကို ဖော်ဆောင်နိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် အဖက်ဖက်မှ အထူးလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲသည်မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းတွင် အီလက်ထရောနစ်စက်ကို အသုံးပြု၍ကျင်းပမည့် ပထမဆုံးရွေးကောက်ပွဲဖြစ်ကြောင်း၊ မဲပေးစက်ဖြင့် မဲပေးခြင်းသည် မိမိတို့နိုင်ငံအတွက် ပထမဆုံးအကြိမ်ဆောင်ရွက်ခြင်းဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက်ကိုင်တွယ်မည့်သူများ စနစ်တကျကိုင်တွယ်နိုင်ရေးသည် အဓိကကျသောအပိုင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မဲပေးစက်နှင့်စပ်လျဉ်း၍ သေချာစွာ လိုက်နာမှတ်သားပြီး သိရှိတတ်ကျွမ်းကာ ရွေးကောက်ပွဲ၌ မဲပေးစက်ကိုင်တွယ် ကြီးကြပ်မည့်သူများ၊ မဲရုံမှူး ၊ ဒုတိယမဲရုံမှူးများကို ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချရာတွင် ရှင်းရှင်းလင်းလင်းနှင့် ထိရောက်စွာ ပို့ချဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြု၍ မဲပေးခြင်းဖြင့် ပယ်မဲဖြစ်ပေါ်မှုမရှိခြင်း မဲရေတွက်ခြင်းအတွက် အချိန်ကြန့်ကြာမှုများ ၊ ကိန်းဂဏန်းလွဲမှားမှုများကို ကျော်လွှားပြီး အချိန်တိုအတွင်း တိကျမှန်ကန်သည့် မဲရလဒ်များထုတ်ပြန်ဆောင်ရွက်နိုင်မည်ဖြစ်၍ အငြင်းပွားဖွယ်ဖြစ်ရပ်များ၊ မဲမသမာမှုများလည်း မရှိနိုင်တော့ဘဲ ပိုမိုပွင့်လင်းမြင်သာသည့် တရားမျှတပြီးသိက္ခာရှိသည့်ရွေးကောက်ပွဲတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ) ဦးကိုကိုလွင်က မဲပေးစက် တည်ဆောက်ပုံ နည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင်မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အားပြန်လည်ထုပ်ပိုး သိမ်းဆည်းပုံတို့ကို စနစ်တကျသင်ကြားပြသပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က MEVM စက်အသုံး ပြုရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်သရုပ်ပြမဲပေးသည်။
သင်တန်းတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင်နှင့် ကျွမ်းကျင်ပညာရှင်များက ဌာနဆိုင်ရာသင်တန်းသား ၈၀ ကို မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုခြင်းဆိုင်ရာများအား ဇူလိုင် ၈ ရက်အထိ သင်ကြားပြသပေးသွားမည်ဖြစ်သည်။
သင်တန်းသို့တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် နှင့် ကျွမ်းကျင်ပညာရှင်များ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာမများ၊ နိုင်ငံရေးပါတီများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)