ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေး‌

 ပဲခူး ဇူလိုင် ၆

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး အောင်သုခဆေးကုသဆောင်၌ တိုင်းဒေသကြီးအတွင်းရှိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ယနေ့နံနက်နံနက်ပိုင်းက ခွဲစိတ်ကုသမှုများပြုလုပ်ပေးရာ ပဲခူးတိုင်း‌ဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စိုးစိုးသက်၊ ဥက္ကဋ္ဌဒေါ်စန္ဒာထွေးနှင့် အဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များမှ  ကြည့်ရှုအားပေးခဲ့ကြသည်။

ရှေးဦးစွာ ‌ခွဲစိတ်ကုသမှုပြုလုပ်ပြီးသည့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများနှင့် ခွဲစိတ်ကုသမည့်လူနာများအား ပဲခူးတိုင်း‌ဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စိုးစိုးသက်၊ ဥက္ကဋ္ဌဒေါ်စန္ဒာထွေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာဇော်မင်းထွန်း၊ ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်တို့နှင့်အတူ လိုက်လံကြည့်ရှုအားပေးစကားပြောကြားပြီး အဝတ်အထည်များ၊ မုန့်၊ ပဲနို့၊ ကစားစရာအရုပ်များပေးအပ်ခဲ့ပြီး ခွဲစိတ်ကုသပေးသည့်ဆရာဝန်ကြီးများနှင့် ပဲခူးဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများကိုလည်း လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

အဆိုပါ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့်ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ကုသမှုဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာလှမျိုးနိုင်ဦးဆောင်သော မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့်ခွဲစိတ်ကုသမှု ဆေးလက်တွေ့ပါရဂူ သင်တန်းသားများပါဝင်သည့်အဖွဲ့မှ ဇူလိုင်လ(၄)ရက်နေ့မှ (၆)ရက်နေ့အထိ လူနာ(၄၀)ဦးအား လာရောက်ခွဲစိတ်ကုသမှုများပြုလုပ်ပေးခြင်းဖြစ်ပြီး ဇူလိုင်လ(၄)ရက်နေ့တွင် နှုတ်ခမ်းကွဲလူနာ(၉)ဦး၊ အာခေါင်ကွဲလူနာ(၂)ဦး စုစုပေါင်းလူနာ(၁၁)ဦးတို့အား ခွဲစိတ် ကုသပေးခဲ့ပြီး ယနေ့ဇူလိုင်လ(၅)ရက်နေ့တွင်လည်း နှုတ်ခမ်းကွဲ/အာခေါင်ကွဲလူနာ(၁၁)ဦးအား ခွဲစိတ်ကုသမှုပြုလုပ်ပေးမည်ဖြစ်ပြီး ကျန်ရှိသည့်လူနာများကိုလည်း ဆက်လက်၍ ခွဲစိတ်ကုသမှုများ  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)