ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင် စုပေါင်းရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားအား တက်ရောက်ဖွင့်လှစ်

မြန်အောင် ဇူလိုင် 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်စုပါင်းရုံး RCC သုံးထပ်အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အဆိုပါ ခရိုင်စုပေါင်းရုံးအဆောက်အဦရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ မြန်အောင်ခရိုင်စုပါင်းရုံး RCC သုံးထပ်အဆောက်အဦသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် မြန်အောင်ခရိုင် စုပေါင်းရုံးသစ်ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်အဖြစ် သစ်ပင်များ စိုက်ပျိုးပေးခဲ့ပြီး အမှတ်တရစုပေါင်း မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖျော်ဖြေရေးအဖွဲ့အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ မြန်အောင်ခရိုင် စုပေါင်းရုံးအတွင်းရှိ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာ အဆောက်အဦသစ်နှင့် မြန်အောင်ခရိုင်အတွင်း သုံးနှစ်တာကာလ ဆောင်ရွက်မှတ်တမ်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ Myanmar Development Co; Ltd မှ တာဝန်ရှိသူက အထိမ်းအမှတ်အလံနှင့် မြန်အောင်ခရိုင် အုပ်ချုပ်ရေးမှူးထံသို့ အဆောက်အဦနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယနေ့ဖွင့်လှစ်သည့်  မြန်အောင်ခရိုင်စုပေါင်းရုံးသည် စတုရန်းပေ(၂၈၁၀၀) RCC သံကူကွန်ကရစ်(၃)ထပ်အဆောက်အဦဖြစ်ပြီး  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေနှင့် ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေကျပ် စုစုပေါင်း (၁၆၀၈.၉၈)သန်းဖြင့် “Myanmar Land & Development ကုမ္ပဏီလီမိတက်” က တည်ဆောက်ခြင်းဖြစ်သည်။

မြန်အောင် ပြန်/ဆက်