ဘားအံ ဇူလိုင် ၆
ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် တောင်သူများအား မြေဩဇာများ ချီးမြှင့်ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအနီးရှိ ကမော့ကပိုမျိုးသန့်ခြံ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်အားပေး၍ တောင်သူများအား မြေဩဇာများ ချီးမြှင့်ပေးအပ်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ယခုအခါ မိုးသီးနှံစိုက်ပျိုးရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် စားရေရိက္ခာဖူလုံရေးနှင့် ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး တောင်သူဦးကြီးများအားလုံး လယ်ယာလုပ်ငန်းခွင်သို့ ကိုယ်စီဝင်ရောက်လုပ်ကိုင်နေကြသည့်အချိန်ကာလဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေးနှင့် အခွင့်အရေးကာကွယ်ရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်ပေးနေသကဲ့သို့ တောင်သူဦးကြီးများ အနေဖြင့်လည်း စားရေရိက္ခာဖူလုံရေးနှင့် အရည်အသွေးကောင်းထုတ်ကုန်များကို တိုးထုတ်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ကိုင်သွားကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာန(ခွဲ)မှ တက်ရောက်လာသော တောင်သူများအား ငါးအမိုင်နိုအက်စစ်ပြုလုပ်နည်းနှင့် စူပါအီးအမ်ဘိုကာရှီသဘာဝမြေဆွေးပြုလုပ်နည်းတို့ကို လက်တွေ့ပြုလုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး တောင်သူများအား လက်တွေ့ပြန်လည်ပြုလုပ်သုံးစွဲကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ကမော့ကပိုမျိုးသန့်ခြံ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စံပြစိုက်ခင်း(၁၅)ဧက၌ အမှတ်(၂၀) စက်မှုလယ်ယာစခန်းမှ Kubota 50 ထွန်စက် ၃ စီးဖြင့် တောင်သူများအား သစ်စိမ်းမြေဩဇာထယ်ထိုးမြေမြုပ်ခြင်း ကွင်းသရုပ်ပြပွဲကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာန၏ မျိုးစေ့ထုတ်ဆောင်ရွက်မည့် စပါးပျိုးခင်းနှင့် စပါးမျိုးစေ့ထုတ်စိုက်ခင်း(၁၀)ဧကစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအားမှာကြား၍ ကမော့ကပိုမျိုးသန့်ခြံအတွင်း မိုးစပါးအောင်ရေရရှိရေး တူးဖော်ထားသောရေကန်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အိန္ဒုတိုက်နယ်ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ဆေးရုံတက်ရောက်ကုသနေကြသည့် မိဘပြည်သူများအား တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှုအခြေအနေများကို မေးမြန်းအားပေးပြီး အာဟာရဖြည့်စွက်အစားအစာများ ချီးမြှင့်ပေးအပ်ကာ အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများအား အထွေထွေအသုံးစရိတ်ငွေကျပ်(၃)သိန်းနှင့် စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၏ ခရီးစဉ်ဒေသတစ်ခုဖြစ်သော လွန်းညရေပြာအိုင်သို့သွားရောက်ကြည့်ရှုအားပေးရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များက ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ခရီးစဉ်ဒေသအား စိမ်းလန်းစိုပြည်၍ အစဉ်သန့်ရှင်းသာယာလှပစေရေး၊ ပန်းပေါင်းဝေဆာဖူးပွင့်စေရေး၊ သန့်စင်ခန်း၊ အဝတ်လဲခန်းများ စနစ်တကျဖြင့်ပြည့်စုံလုံလောက်မှုရှိစေရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီလမ်း ၃၉ မိုင်မှ ၄၀ မိုင်အတွင်း မြပြည်ကျေးရွာ၊ မြပြည်ကျောင်းကြီးဘုန်းတော်ကြီးကျောင်း မျက်ကွယ်ကွေ့ဖြောင့်မည့်နေရာ ၃၀၅ ပေအရှည်အား ကွန်ကရစ်လမ်းချဲ့ခင်းခြင်းဆောင်ရွက်နိုင်ရန် လမ်းနယ်နှင့်မလွတ်ကင်းသည့် ဘုန်းတော်ကြီးကျောင်းခြံစည်းရိုးအား ၄၂၀ ပေအရှည် အသစ်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)