လုံခြုံရေးဂိတ်များတွင်  တရားမဝင်ငွေကြေးကောက်ခံမှုများမရှိစေရေး  အဂတိကင်းစွာဖြင့် ဆောင်ရွက်သွားကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်မှာကြား

မုံရွာ ဇူလိူင် ၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇူလိူင်လ ၅ ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အသင်္ခယာရိပ်သာ ဧည့်ခန်းမ၌ ကျင်းပသည့် စစ်ကိုင်းမြို့ ဧရာဝတီတံတား(ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရီးသွားပြည်သူများ လုံခြုံအေးချမ်းစွာဖြင့် ခရီးသွားလာ နိုင်ရေးနှင့် ကုန်စည်စည်းဆင်းမှုမြန်ဆန်ရေးတို့အတွက် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ဆောင်ရွက်နေသည့်လုပ်ငန်းများအပေါ် ဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြို့ဝင်မြို့ထွက် လုံခြုံရေး ဂိတ်များတွင် ခရီးသည်တင်မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား တရားမဝင် ငွေကြေးကောက်ခံမှုများ မရှိစေရေး၊ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်မှုများ မရှိစေရေး နှင့်လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားကြရန်လို အပ်ပါကြောင်း၊ ပြည်သူများနှင့်ထိတွေ့ရသည့် လုပ်ငန်းများအပေါ်တွင် နွေးထွေးပျုငှာစွာဖြင့် ဝန်ထမ်းကောင်းစိတ်ဓာတ်ဖြင့် ပြောဆိုဆက်ဆံသွားကြရန် လိုအပ်ပါကြောင်း  မှာကြားသည်။

ယင်းနောက် ဧရာဝတီတံတား(ရတနာပုံ)နှင့် စစ်ကိုင်းမြို့အထွက် ကံတလူဂိတ်တို့ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ တာဝန်ရှိသူများက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ဖြည့်စွက်ဆွေး နွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့အဝင် ဧရာဝတီ တံတား(ရတနာပုံ)ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဂိတ်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုံခြုံရေးကိစ္စရပ်ဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည်များကိုဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ တရားမဝင်ငွေကြေးကောက်ခံမှုများမရှိစေရေးနှင့် တရားမဝင်ပစ္စည်းများဝင်ရောက်မှုမရှိစေရေး မှာကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်ကိုင်းမြို့ သစ်ဆိပ်မြစ်ကမ်းမှ မန္တလေးမြို့၊ ရွှေကြက်ကျမြစ်ကမ်းသို့ တန် ၂၀ အထက် ကုန်တင်ယာဉ်ကြီးများနှင့် တွဲယာဉ်ကြီးများဖြတ်သန်းသွားလာမှု အဆင်ပြေစေရန်အတွက် ဇက်ကတို့များဖြင့် သယ်ယူပို့ဆောင်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်သူများနေ့စဉ်အသုံးပြုစားသုံးနေသည့် ကုန်စည်များ၊ စက်သုံးဆီများ၊ လူသုံးကုန် ပစ္စည်းများနှင့် သစ်သီးဝလံများ၊ ဟင်းသီး ဟင်းရွက်များ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် ဇက်ကတို့ဖြင့် နေ့စဉ်မော်တော်ယာဉ်ကြီးများအား အစီးရေများစွာသည်ယူပို့ဆောင်နိုင်ရေးမှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်