ပွင့်ဖြူ ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး စာသင်ကျောင်း အခြေပြုသွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး ၊ သွန် ၊ လဲ ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်း ၊ ခြင်ပေါက်ပွားမှု ကင်းဝေးစေရေး ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ကပွင့်ဖြူမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်း(၅)ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲလင်းတိုးနှင့် ကျန်းမာရေးဝန်ထမ်းများက ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် အတူပွင့်ဖြူမြို့ပေါ်ရှိ အခြေခံပညာ မူလတန်းကျောင်း(၅)ကျောင်းသို့ သွားရောက်ကာ ကျောင်းသားကျောင်းသူများအား မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ၊ ရာသီတုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပက်သတ်၍ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ခြင်ကျားပိုးလောက်လန်း ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး ၊ သွန် ၊ လဲ ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးများခပ်ခြင်းနှင့် ဆေးမှုတ်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု မရှိစေရေး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )