ကယားပြည်နယ်ဝန်ကြီးချုပ် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

လွိုင်ကော်  ဇူလိုင်   ၅

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်က လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက် ဟင်းသီးဟင်းရွက်၊ ရာသီသီးနှံ သရုပ်ပြစံပြစိုက်ခင်းသို့ ရောက်ရှိရာ သီးနှံများစိုက်ပျိုး အောင်မြင်ဖြစ် ထွန်းနေမှုအခြေအနေများကို ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးထားရှိသည့် ဟင်းသီးဟင်းရွက်များကို ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ စိုက်ပျိုးရေးတောင်သူများကို စံပြ၊ သရုပ်ပြ ပညာပေးနိုင်ရေး ဆောင်ရွက်သွားရန်၊ ရာသီအလိုက် သီးနှံများကို စဉ်ဆက်မပြတ် စိုက်ပျိုးသွားရန်၊ နှစ်ရှည်သီးနှံများကိုလည်း အောင်မြင်ဖြစ်ထွန်းရုံမက ဈေးကွက်အတွင်း ဖြန့်ဖြူးနိုင်သည်အထိ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ငါးသားပေါက် ပြုစုကန်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအမီ ပြီးစီးရေးဆောင်ရွက်သွားရန်နှင့်ထွက်ရှိလာသော ငါးမျိုးများကို ငါးမွေးတောင်သူများထံ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက် သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ဒေါဥခူရပ်ကွက်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားရုံ အမှတ်() တွင်  တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင်အားကစားသမားများကိုတွေ့ဆုံ၍ ပြည်နယ် ဝန်ကြီးချုပ်က အားကစားသမားများအား အားကစားစိတ်ဓာတ်အပြည့်ထားရှိ၍ ကောင်းသော ယှဉ်ပြိုင်မှုဖြင့် ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများ ဖြစ်အောင်အစွမ်းကုန် ကြိုးစား ယှဉ်ပြိုင်သွားကြရန်နှင့် ပြည်နယ်လက်ရွေးစင်မှ နိုင်ငံ့လက်ရွေးစင်အထိ ရည်မှန်းချက်ထား ကြိုးစားကြရန် စသည်ဖြင့် အားပေးစကားများပြောကြားပြီး အားကစားသမားများနှင့် နည်းပြများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)