လွိုင်ကော် ဇူလိုင် ၅
ကယားပြည်နယ်၊ လွိုင်ကော်မြို့အား စိမ်းလန်းသောမြို့၊ သန့်ရှင်းသောမြို့ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၅ ရက် နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မြို့၊ နောင်ယား(ခ) ရပ်ကွက် ခရစ်တော်ဘုရင် ဗဟိုဘုရားကျောင်း၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများက ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကာ ဘုရားကျောင်းအတွင်း ခရစ်ယာန်ဘာသာဝင်များ စိတ်အေးချမ်းသာစွာဖြင့် ဝတ်ပြုဆုတောင်းနိုင်ရေးအတွက် သန့်ရှင်း သာယာရေးနှင့် လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ နောင်ယား(ခ)ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာနှင့် ပတ်ဝန်းကျင်၌ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် ရွှေတောင်ရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ ဆရာတော်၊ သံဃာတော်များ စိတ်အေးချမ်းသာစွာဖြင့် သီတင်းသုံးနေထိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများက ကျောင်းဝင်းအတွင်း ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး သာသနိက အဆောက်အအုံများ အမြင်တင့်တယ် သန့်ရှင်းသပ်ရပ်စေရေး၊ ဘုရားဖူးလာရောက်သူများနှင့် ဥပုသ်သီလ ဆောက်တည်သူများ စိတ်အေးချမ်းသာစွာ နားနေနိုင်ရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့အဝင်လမ်းမကြီး ဘေးဝဲယာတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေး လူအင်အား၊ စက်ယန္တရားအင်အားများဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ အပင်ကြီးများအား ခုတ်လှဲခြင်းမပြုဘဲ မျက်စိပသာဒဖြစ်အောင် စနစ်တကျ စီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ မင်းစုရပ်ကွက်၊ စည်သူလမ်းဘေးဝဲယာတွင် မြေယာရှုခင်းနှင့် လူသွားပလက်ဖောင်း ပြုလုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ပြည်နယ် လမ်းဦးစီးဌာန တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ် လမ်းများအား သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ ဆောင်ရွက်ရန်နှင့် လမ်းဘေးရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဂရုပြုဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)