မြိတ်မြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

မြိတ် ဇူလိုင် ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကို အ.ထ.က(၁)ကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား/သူ(၁၄၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို အထက်တန်းအဆင့်၌ “ လေးမြတ်ဂုဏ်ရည် အာဇာ နည်”၊  အလယ်တန်းအဆင့်၌ “ မမေ့စဉ်လာ အာဇာနည်နေ့ အချိန်အခါ” ၊  မူလတန်းအဆင့်၌ “တို့များမမေ့နိုင်  ၁၉ ဇူလိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို အထက်တန်းအဆင့်၌ “ သမိုင်းမော်ကွန်းတည် ကိုးဦး အာဇာနည်” ၊  အလယ်တန်းအဆင့်၌ “ အာဇာနည်မြတ် မမေ့အပ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲကို အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်တို့တွင် “ အာဇာနည်နေ့ တို့မမေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးကျင်းပသည်။

အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများ၌ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား/သူ(၇၀)ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းနှင့် အလယ်တန်းကျောင်းသား/သူ(၃၃)ဦး၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား/သူ(၄၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ   တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)