ပဲခူး ဇူလိုင် ၅
၂၀၂၅ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်၄ရက် နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်း အားကစား ပြိုင်ပွဲများ ကျင်းပခြင်းအားဖြင့် ဒေသတွင်း အသက်အရွယ်အလိုက် ထူးချွန်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လက်ရွေးစင်အဆင့်မှ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများအဖြစ် မွေးထုတ်ပေးနိုင်ရေး၊ ပိုက်ကျော်ခြင်းအားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေး၊ မြို့နယ်ကိုယ်စားပြု အားကစားသမားများအချင်းချင်း သွေးစည်းညီညွတ်မှု စိတ်ဓာတ်နှင့် ထူးချွန်ထက်မြက်သော လူငယ်သွေးသစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာရေးတို့အတွက် ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်း ဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် နှစ်ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ပဉ္စမ အကြိမ် အမျိုးသားအားကစားပွဲတော်တွင် သုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကြေးတံဆိပ် တစ်ခုနှင့် ယခင်ကလည်း ရွှေတံဆိပ်များစွာနှင့် စုပေါင်းတံခွန်စိုက်ဖလားရရှိခဲ့သည့် အစဉ်အလာကောင်းများရှိခဲ့သဖြင့် တိုင်းဒေသကြီးဂုဏ်ဆောင် မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားများ ပေါ်ထွက်လာစေရေး ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အဖွင့်ပွဲစဉ်အဖြစ် ပဲခူးမြို့နယ်အသင်းနှင့် ရွှေတောင်မြို့နယ်အသင်းတို့ ယဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား/ကျောင်သူများ၊ ပိုက်ကျော်ခြင်းအားကစားဝါသနာရှင် ပရိသတ်များက အားပေး ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲကို ဇူလိုင်၄ရက်မှ ၈ရက်အထိ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း(၂၈)သင်းက အုပ်စု(၈)အုပ်စု ခွဲပြီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)