ပဲခူး ဇူလိုင် ၄
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အခမ်းအနား “မြန်မာအမျိုးသမီးလေးပါ” သီချင်းဖြင့် ကပြဖျော်ဖြေ၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံတွင် အမျိုးသမီးရေးရာကော်မတီကို(၁၉၉၆)ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး (၂၀၁၈)ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဟု အမည်ပြောင်းလဲခဲ့ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးအခွင့်အရေးများနှင့် ကျား/မရေးရာလုပ်ငန်းများတန်းတူညီမျှဖို့နှင့်သာတူညီမျှစေဖို့ အမျိုးသမီးအခွင့်အရေးမြှင့်တင်ဆောင်ရွက်သည့်အစီအစဉ်များ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ဖို့အတွက် နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံချက်ကို ထုတ်ပြန်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အမျိုးသမီးအခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ဖုန်းဖြင့်တိုင်ကြားနိုင်သည့်စနစ်မှ Online မှတစ်ဆင့် နည်းလမ်းပေါင်းစုံဖြင့်တိုင်ကြားနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ “ကျား/မတန်းတူညီမျှဖို့နဲ့ အမျိုးသမီးငယ်ရွယ်နှင့် အမျိုးသမီးအားလုံးစွမ်းဆောင်ရည်မြင့်မားစေရန်” တို့ကို အထူးအလေးထား အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အမျိုးသား/အမျိုးသမီးတန်းတူညီမျှရေးနှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို အသိအမှတ်ပြုနားလည်လက်ခံနိုင်စေမည့် လုပ်ငန်းနည်းစနစ်များကို အကောင်အထည်ဖော်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်အမျိုးသမီး(၂)ဦးအား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုလက်မှတ်အား ပေးအပ်ချီးမြှင့်ခဲ့သည်။ ၎င်းနောက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆိုင်သော သမိုင်း မှတ်တိုင်များ Video Clip အား ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းသူလေးများက “ဣတ္ထိယ ပန်းခင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကဒေါ်စိုးစိုးသက်တို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)