မအူပင် ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး များဖွံ့ဖြိုးတိုးတက်လာစေရန်၊ စိတ်ကူးစိတ်သန်းများကောင်းလာစေရန်၊ တီထွင်ဖန်တီးလိုစိတ်နှင့် စူးစမ်းလေ့လာလိုစိတ်များဖြစ်လာစေရန် ရည်ရွယ်၍ အခြေခံကဗျာရေးသားနည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူးဒေါ်ခင်သန္တာထွေးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ စာရေးဆရာ ဦးခင်ဇော်ဝင်း (ခတ်ဇော်ကဗျာ) က သံပေါက်စပ်နည်း၊ လင်္ကာစပ်နည်း၊ နဘေထပ်စပ်နည်း၊ လေးလုံးစပ်လင်္ကာ၊ တီထွင်စမ်းသစ်မှုများအကြောင်းနှင့် စာရေးဆရာမ ဒေါ်မြင့်မြင့်အေး (ပန်းမြမွှေး) က ဒွေးချိုး၊ တြိချိုး၊ လေးချိုးစပ်နည်းများ၊ ကလေးကဗျာရေးနည်းများကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံကဗျာရေးသားနည်းသင်တန်းကို မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူ(၃၅)ဦးဖြင့် ဇူလိုင်လ (၄)ရက်နေ့မှ(၆)ရက်နေ့အထိ (၃) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ဆက်)