လက်ပံတန်းမြို့၌ အမှိုက်များကို အမျိုးအစား​လေးမျိုးခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ

လက်ပံတန်း ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ချနိုင်ရေးနှင့် အမှိုက်များစနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် အမှိုက်များအား အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက် ၁၀နာရီက အထက(၁) နဝဒေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဝင်းက အမှိုက်စွန့်ပစ်ပစ္စည်းများကို စနစ်တကျမစွန့်ပစ်လျှင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်စေသည့် ပြဿနာများဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ပလတ်စတစ်ပစ္စည်းများအား အသုံးပြုမှုပိုမိုများပြားလာပြီး သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို စိန်ခေါ်နေခြင်းကြောင့် ပလတ်စတစ်ပစ္စည်းများကို ပြန်လည်အသုံးပြုကြရန်၊ ရုံး၊ ဌာန၊ စာသင်ကျောင်း၊ စျေးများနှင့် အများပြည်သူသွားလမ်းသွားလမ်းလာနေရာများတွင် အမှိုက်များကို စနစ်တကျစွန့်ပစ်ကြရန်နှင့် ရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် ရှင်းလင်းပြောကြား သည်။

ထို့နောက် လက်ပံတန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးဝင်းစန်းက အမှိုက်အမျိုးအစားအလိုက် အရောင်ခွဲခြားစွန့်ပစ်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။  သာယာဝတီခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဦးစီးဌာနမှ လက်ထောက်ညွှန်းကြားရေးမှူး ဒေါ်စုမြတ်သန္တာဖွေးက အမှိုက်အမျိုးအစား ၅ မျိုးအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများနှင့်အတူ အဝါ၊ အစိမ်း၊ အနီ၊ အပြာ အမှိုက်ပုံးအရောင်အလိုက် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းကို လက်တွေ့သရုပ်ပြသ၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)