ရွှေဘိုသူနာပြုသင်တန်းကျောင်း၌ သူနာပြု-သားဖွား ဒီပလိုမာဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကျင်းပ

ရွှေဘို ဇူလိုင် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုသူနာပြုသင်တန်းကျောင်း၊ အပတ်စဥ်(၅) သူနာပြု သားဖွားဒီပလိုမာ သင်တန်းသား/သင်တန်းသူများ၏ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီချိန်က အဆိုပါ​ကျောင်းရှိ သ​ပြေညိုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ​ ရွှေဘိုခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေးက​ အဖွင့်အမှာစကား​ပြောကြားရာ “ကမ္ဘာ့ပြည်သူလူထုကျန်းမာ​ရေး အဆင့်မြင့်မား​စေ​ရေးအတွက် မြှင့်တင်ကြရာတွင် သူနာပြုများ၏ အခန်းကဏ္ဍသည်များစွာအ​ရေးကြီးပါ​ကြောင်း၊ ပြည်သူအားလုံးအတွက် လက်တွေ့ ကျန်းမာ ရေးစောင့်ရှောက်မှုပေးသည့်အခါ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ၊ ကရုဏာ- နာ ၅ နာဖြင့် ပြုစုစောင့်ရှောက်မှုများ ပေးသွားရန်လိုအပ်ပါ​ကြောင်း၊အရည်အချင်းပြည့်ဝ၊ ဘက်စုံထူးချွန်ပြီး ပြည်သူအားကိုးရ​သောသူနာပြုဆရာ၊ဆရာမများဖြစ်​အောင်ကြိုးစားကြရန်တိုက်တွန်းပြောကြားခဲ့ပြီး၊ သူနာပြုသင်တန်း​ကျောင်း၊ ​ကျောင်းအုပ်ဆရာမကြီး​ဒေါ်​ကေသွယ်မိုးက သင်တန်း​ရေးရာများ၊ ဂျူတီ ကုတ်နှင့်သူနာပြုဦး​ဆောင်းအပ်နှင်းရခြင်း ရည်ရွယ်ချက်ကို​ပြောကြားခဲ့သည်။

ဆက်လက်၍ စီမံခန့်ခွဲ​ရေးအဖွဲ့ဥက္ကဋ္ဌ ဆေးရုံအုပ်ကြီး​ဒေါက်တာ​ကျော်​​မောင်က ဂုဏ်ပြုဝမ်းမြောက်စကား​ပြောကြားခဲ့ပြီး သူနာပြုသင်တန်း​ကျောင်း၊ ​ကျောင်းအုပ်ဆရာမကြီးနှင့်သူနာပြု ဆရာမများ၊ ဆေးရုံအုပ်ကြီး ​ဒေါက်တာ​ကျော်​မောင်တို့က သင်တန်းသား/ သင်တန်းသူ (၆၁)ဦးတို့အား ဂျူတီကုတ်နှင့် သူနာပြုဦး​ဆောင်းများ အပ်နှင်း​ပေးခဲ့သည်။ ဆက်လက်ပြီး သင်တန်းတွင် ထူးချွန်​ကျောင်းသား/သူများအား တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်​ပေးခဲ့ပြီး သင်တန်းသား /သင်တန်း သူများမှ သူနာပြုသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခြင်းနှင့် “ဂရုဏာအလင်း” သီချင်းဖြင့်​ ဖျော်ဖြေခဲ့ပြီး​နောက် ပထမနှစ်သင်တန်းသူများက “ကျွန်မသူနာပြု”သီချင်းဖြင့် ​တေးသရုပ်​ဖော်​ကပြ​ဖျော်​​ဖြေခဲ့ပြီး၊ သင်တန်းသူတစ်ဦးက အားလုံးကိုယ်စား ​ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့  ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊​ကျောင်းအုပ် ဆရာမကြီး၊ သူနာပြုအုပ်ဆရာမကြီးများနှင့်ဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)