ထားဝယ် ဇူလိုင် ၄
၂၀၂၅ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလုံးပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်း ဒေသကြီး လက်ရွေးစင်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ် ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ က ထားဝယ်မြို့၊တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကရင်ပြည်နယ် ဘားအံမြို့၌ ဇူလိုင်၁၁ ရက်တွင် ကျင်းပမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈)နှစ်အောက် ဘောလုံး ပြိုင်ပွဲကိုသွား ရောက်ယှဉ်ပြိုင်မည့် တနင်္သာရီ တိုင်းဒေသကြီးလက်ရွေးစင်ဘောလုံးအသင်း အားက စားသမားများအနေဖြင့် ကျန်းမာရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှု၊ ပူးပေါင်း ဆောင်ရွက်မှုရှိရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး အနေဖြင့် ဘောလုံးအားကစားနည်းတွင် (၂၀၁၈) ခုနှစ် အတွင်းကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၇) နှစ် အောက်ဘောလုံး ပြိုင်ပွဲတွင် ဒုတိယဆု၊ အသက်(၁၉)နှစ်အောက်ပြည်နယ်နှင့်တိုင်းဒေသကြီးဘောလုံးပြိုင်ပွဲတွင် တတိယဆုနှင့် အသက်(၂၁)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီးဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဒိုင်းဆု ဆွတ်ခူးရရှိခဲ့သောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း၊ ထပ်မံ၍အောင်မြင်မှုရရှိလာပါက ယခု ထက်မက ချီးကျူးဂုဏ်ပြုသွားမှာဖြစ်ကြောင်း၊အားကစားများ ကစားနိုင်အောင် ဘောလုံးကွင်းနေရာများ ပြုပြင်ဆောင်ရွက်ပေးပြီး အားကစားများ ကစားနိုင်အောင် နေရာများစွာတွင် အားကစားကွင်းများရှိရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ရှိပြီးအားကစားကွင်းများကိုလည်း အဆင့်မြင့်တင် ဆောင် ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးအားကစားသမားများအနေဖြင့် အနိုင်/ အရှုံး တစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်မှုမျိုးမဟုတ်ဘဲ တိုင်းဒေသကြီး၏ဂုဏ်၊ နိုင်ငံတော်၏ဂုဏ်ကို ဆောင်နိုင်မည့် ထိုက်တန် ထူးချွန်သော အားက စား သမားကောင်းများ ဖြစ်လာအောင် အမိန့်နာခံတတ်မှု၊ သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ ယဉ်ကျေးမှု၊ စည်းကမ်းကို ရိုသေလိုက်နာတတ်မှုစသည့် အခြေခံကောင်းများကို အစွမ်းကုန် ဖော်ထုတ်ပြ သရင်း အနိုင်ရရှိရေးအတွက် ကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်း တင်ပြသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ် က တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက်ဘောလုံးအသင်းသို့ အောင်နိုင်ရေး အလံပေးအပ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က ချီးမြှင့်ငွေကျပ် ၁၁၅ဝ၀ဝဝ ကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)