နတ်တလင်း ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးကော်မတီ အစည်းအဝေးကို ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၁နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးအေးသန့်က မိုးရာသီဖြစ်၍ ပိုလောက်လန်းများနှင့် ခြင်များမပြန့်ပွားစေရန် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ တစ်ကိုယ်ရေသန့်ရှင်းရေး အထူးကောင်းမွန်စေရန် ဆရာ၊ ဆရာမများအနေဖြင့် အပတ်စဉ် စစ်ဆေးမှုများ ပြုလုပ်သွားရန်၊ အခြေခံပညာကျောင်းတိုင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းထားရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးကိစ္စများနှင့် ပတ်သက်၍ သိသင့်သည်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မိခင်ကလေးကျောင်းကျန်းမာအဟာရ ဦးစီးအရာရှိ ဒေါက်တာခိုင်သဉ္ဇာက ကျောင်းကျန်းမာရေးအဖွဲ့အစည်းကို ဖွဲ့စည်းထားခြင်းဖြင့် ပညာရေးသာမက ကျန်းမာရေးပါ ကောင်းမွန်သော ဘက်စုံပညာရေးစနစ် ဖြစ်ပေါ်လာမည်ဖြစ်ရာ ကလေးများအတွက် ကျန်းမာရေးသည် အရေးပါသည့်အတွက် ကျန်းမာရေးကောင်းမှသာ ပညာကိုဆုံးခန်းတိုင်အောင် သင်ကြားနိုင်မည်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)