မိကျောင်း အသိုက်ပြုလုပ်သည့် ရာသီ၌ ဘိုကလေးမြို့နယ်တွင် (၂)ရက် ဆက်တိုက် မိကျောင်းဆွဲမှုဖြစ်ပွား

ဘိုကလေး ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောနှင့် ဆက်စပ်ရာ ဒီရေတောဒေသများတွင် ရေချိုရေငံစပ် မိကျောာင်းများ ရှင်သန်ပေါက်ဖွား ကျက်စားလေ့ရှိရာ ယခုအချိန် ဇွန်လမှ ဩဂုတ်လအထိကာလသည် မိကျောင်းများအနေဖြင့် အသိုက်ဖွဲ့၊ အသိုက်ပြုလုပ်သည့် ကာလဖြစ်ပြီး မိကျောင်းအန္တရာယ်ရှိသည့် ကာလတစ်ခုဖြစ်သည်။

မိချောင်းအသိုက်ပြုလုပ်သည့် ကာလတစ်ခုဖြစ်သည့် ဇူလိုင်လ (၂) ရက် ညနေပိုင်း၌ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲကျေးရွာနေ အသက် (၃၂) နှစ်အရွယ်ရှိ ဦးသန့်ဇော်ဦးသည် လယ်လုပ်၍ပြန်လာပြီး ၎င်းနေအိမ်ရှေ့ လှေလုံးကွဲချောင်းစပ်တွင် ရေဆင်းချိုးစဉ် အလျား (၁၅) ပေ၊ ဗြတ် (၃) ပေရှိ မိကျောင်းကြီးတစ်ကောင်မှ ရေနက်ပိုင်းသို့ ကိုက်ချီဆွဲသွားကြောင်း ဦးသန့်ဇော်ဦး၏ ဖခင်ဖြစ်သူမြင်တွေ့ချက်အရ သိရသည်။

ထို့အပြင် ဇူလိုင် (၃) ရက်နေ့ ညနေ (၃) နာရီကျော် အချိန်ကလည်း အဆိုပါလှေလုံးကွဲကျေးရွာသားဖြစ်သည့် အသက် (၁၆) နှစ် အရွယ်ရှိ မောင်ဇော်ဇော်အောင်သည် ရွာကင်းတဲတံတားအနီး ရေချိုးဆင်းစဉ် လှေလုံးကွဲချောင်းအတွင်းမှ အလျား (၁၅) ပေ၊ ဗြတ် (၃) ပေရှိ မိကျောင်းကြီး ထပ်မံပေါ်လာခဲ့ပြီး မောင်ဇော်ဇော်အောင်အား ရေနက်ပိုင်းသို့ကိုက်ချီဆွဲသွားသည်ကို ကမ်းပေါ်ရှိ ရွာသားများတွေ့မြင်ခဲ့ရသည်။

ယခုအခါ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲချောင်းအတွင်း၌ မိကျောင်းဆွဲခံရမှု (၂) ရက်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မိကျောင်းဆွဲခံရသူ၏ ရုပ်အလောင်း (၂) ကို ပြန်လည်တွေ့ရှိနိုင်ရေး ချောင်းဗြဲကြီးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ ရွာသူ၊ ရွာသားများနှင့်ပူးပေါင်းကာ ချောင်းတစ်လျှောက် စက်လှေများဖြင့် ရှာဖွေလျက်ရှိကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)