မြောင်းမြ ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျောင်းသား/ကျောင်းသူ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေချစ်မြတ်နိုးလာစေရန်၊ စာဖတ်ရှိန်မြှင့်မားစေရေးနှင့် အသိပညာဗဟုသုတပြည့်စုံစေရေးအတွက် လူငယ်ရေးရာဟောပြောပွဲနှင့် ပြပွဲများကိုမန်နေ့မွန်းလွဲ (၁း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်စိုးစိုးနှင်းက အမှိုက်(၄)မျိုး စွန့်ပစ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်များက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး အ.ထ.က (၃) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးတို့က ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်အတွက် Mobile Library Bus ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းနှင့် စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)