ပွင့်ဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကျင်းပ

ပွင့်ဖြူ ဇူလိုင်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ‌ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်အသိပညာပေး လုပ်ငန်းများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ပေးမှု အခြေအနေများ၊ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရန် ကြိုးပမ်းဆောင်ရွက်ရမည့်အချက်များ၊ လူငယ်များအတွက် မိမိတို့ဖြစ်စေလိုသောအရာများကို  ရည်မှန်းချက်ထားပြီး ကြိုးစားအားထုတ်ပါက အောင်မြင်မှုပန်းတိုင် ရရှိနိုင်မည့် အခွင့်အလမ်းများကို အသိပညာပေး ဆွေးနွေး ဟောပြောသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ‌အသိပညာပေး ဆွေးနွေးဟောပြောသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတ ရရှိစေရန် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာပေးလက်ကမ်း စာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )