နတ်မောက်မြို့နယ်၌ နွေစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ

နတ်မောက် ဇူလိုင် ၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၏ ဒေသဝမ်းစာဖူလုံရေးအတွက် အထွက်တိုးစပါးများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် နွေစပါးစိုက်ဧရိယာများ၏ အထွက်နှုန်းကို စနစ်တကျ မှတ်တမ်းတင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပလက္ခုပ္ပင်ကျေးရွာအုပ်စု စာရံအိုင့်ကွင်း၌ ဦးပိုင်အမှတ် (၅၉)၊ ကွင်းအမှတ် (၈၃၆) ရှိ အကျိုးဆောင်တောင်သူ ဒေါ်တင်စိန်၏ ဆာဖိုးသာစပါးလယ်မြေတွင် ယနေ့နံနက် ၈ နာရီအချိန်က စံကွက်ရိတ်သိမ်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်း ဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြရာ စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တောင်သူ လယ်သမားများ၏ လူနေမှုဘဝမြင့်မားတိုးတက်ရေး၊ လယ်ယာထွက်ကုန်သီးနှံများ အထွက်နှုန်းမြင့်မားရေး၊ ဈေးကွက် ဝင်သီးနှံများနှင့် အဓိကသီးနှံများ ဈေးကောင်းရရှိရေးတို့ကို စဉ်ဆက်မပြတ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိက ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နွေစပါးစံကွက်ရိတ်သိမ်းပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တောင်သူများက စပါးခြွေ့လှေ့စက်ဖြင့် ရိတ်သိမ်းနေမှုအား ကြည့်ရှုခဲ့ကြပြီး တောင်သူဒေါ်တင်စိန်၏ လယ်မြေ(၁)ဧကစိုက်ခင်းတွင် ဆာဖိုးသာ စပါးအစို (၁၆၆) တင်းထွက်ရှိခဲ့ကြောင်း သိရသည်။

လှဝင်း