ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့တက်ရောက်

ပုသိမ် ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့က “မြန်မာအမျိုး သမီးများနေ့” ဂုဏ်ပြုတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ ဇူလိုင်လ(၃) ရက်နေ့သည် မြန်မာအမျိုးသမီးများအားလုံးအတွက် ထူးခြားလေးနက်သောနေ့တစ်နေ့ဖြစ်ပြီး ထူးချွန်သည့် အမျိုးသမီးများကို ဂုဏ်ပြုချီးမြှင့်သည့်နေ့ဖြစ်သည့်အတွက် မြန်မာအမျိုးသမီးများ အားလုံးကို လှိုက်လှိုက်လှဲလှဲဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံသည် လူမျိုးပေါင်း(၁၀၀)ကျော် မှီတင်း နေထိုင်သည့် ပြည်ထောင်စုဖြစ်သည်နှင့်အညီ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကား၊ ဝတ်စားတင်ယင်ထုံးဖွဲ့မှု၊ သမိုင်းကြောင်း၊ ပထဝီဝင်အနေအထား အမျိုးမျိုးနှင့် တည်ရှိနေပြီး နိုင်ငံလူဦးရေ၏ထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်ကြပါကြောင်း၊ ထို့ကြောင့် မြန်မာအမျိုးသမီးများ၏ ထူးချွန်ထက်မြက်သည့် စွမ်းဆောင်ရည်များ၊ လေးစားဂုဏ်ယူဖွယ် ဂုဏ်ဒြပ်များနှင့် အရေးပါသည့် အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေရန် မြန်မာအမျိုးသမီးများ၏  စွမ်းဆောင်နိုင်မှုကို အသိအမှတ်ပြု အလေးထားဂုဏ်ပြုသည့်အနေဖြင့် ယခုကဲ့သို့ “မြန်မာအမျိုးသမီးများနေ့” အခမ်း အနားများကို နှစ်စဉ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးရေးရာကော်မတီတစ်ရပ်ကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီဖွဲ့စည်းခဲ့ပြီး ၎င်းနေ့ကို လေးစားဂုဏ်ယူဖွယ်ရာ စွမ်းဆောင်ရည်ရှိသည့် မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ အဖြစ်သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားများ ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊ မြန်မာအမျိုးသမီးများအနေဖြင့် အခြေခံအကျဆုံးဖြစ်သည့် မိသားစုတာဝန်မှသည် ကဏ္ဍစုံ၊ နယ်ပယ်စုံများတွင် အမျိုးသမီးများ၏အခန်းကဏ္ဍသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက် မြင့်မားလာနေတာကို တွေ့မြင်နေရပြီး နိုင်ငံတော်၏ ကာကွယ်ရေးနှင့်လုံခြုံရေး တာဝန်များတွင်ပါ စစ်မှုထမ်း၊ ရဲမှုထမ်းများအဖြစ် အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး ထူးချွန်ထက်မြက်စွာ နိုင်ငံ့အကျိုးကိုသယ်ပိုးလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ကျား၊ မ တန်းတူညီမျှမှုရှိရန်နှင့် မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများ ပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံက တတ်နိုင်သရွေ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ အမျိုးသမီးထုကြီးနှင့် အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း” လတိုက်တွန်းအမှာစကား ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ သမိုင်းမှတ်တိုင်များ Video Clip ပြသမှုနှင့် “ဣတ္ထိယပန်းခင်း” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအတွင်း နယ်ပယ်အသီးသီးတွင် ထူးချွန်စွာစွမ်းဆောင်နိုင်ခဲ့သည့် အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏  စွမ်းဆောင်မှု အကောင်းဆုံး (ပထမဆု)ရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ နိုင်ငံတော်မှ ပေးအပ်သော သုဓမ္မသိင်္ဂီဘွဲ့ရရှိသူ၊ ပညာရေးဝန်ကြီးဌာန၊ (၂၄)ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံ သုတေသနညီလာခံ ပထဝီဝင်ဘာသာရပ်(ဒုတိယဆု)၊ ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ် ရရှိသူနှင့် ၂၀၂၅-၂၀၂၆ တိုင်းဒေသကြီးနှင့် ပြည်နယ်လှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၃)ဆုရရှိသည့် အမျိုးသမီးများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ နိုင်ငံတော်မှကျင်းပသည့် ဓမ္မာစရိယအကြီးတန်း ဖြေဆိုအောင်မြင်သူ၊ ပညာရေးဝန်ကြီးဌာန၊ (၂၄)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသန ညီလာခံ ရူပဗေဒဘာသာရပ်(ဒုတိယဆု)၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ (ဘွဲ့လွန်) ပထမဆု၊ ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသူနှင့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အမျိုးသမီးခရစ်ကတ် ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိသည့် အမျိုးသမီးများကို တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ(ဘွဲ့ကြို) (ပထမဆု)၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကဗျာပြိုင်ပွဲ(ပထမဆု)၊ ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပတ္တလား ရွှေတံဆိပ်ဆု၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲ (ပထမဆု)၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသမီး သုံးယောက်တွဲ ရွှေတံဆိပ်ဆုရရှိသူများကို  အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီးကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း နယ်ပယ်အသီးသီးတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သည့် အမျိုးသမီးများအား တိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တာဝန်ရှိသူ အသီးသီးတို့ကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တေးသံရှင်များ၊ ပုသိမ်တက္ကသိုလ်မှ ကျောင်းသူလေးများနှင့် မြောင်းမြပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသူလေးများ၏ တေးသီချင်များဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ထံသို့ လှူဒါန်းသည့် အလှူငွေများကို တိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးက ပေးအပ်လှူဒါန်းခဲ့ပြီးနောက် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ပါဝင်သီဆိုခဲ့သည့် တေးသံရှင်များ၊ ကပြဖျော်ဖြေခဲ့ကြသည့် ပုသိမ်တက္ကသိုလ်မှ ကျောင်းသူလေးများနှင့် မြောင်းမြပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသူလေးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးက ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၏ လက်မှုထုတ်ကုန်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြကြောင်း သိရသည်။

လှမင်းထွဋ်