ဂန့်ဂေါ ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲစဉ်များနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃နာရီက ခရိုင်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးရဲရန်ပိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်၍ ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ဘော်လီဘောပြိုင်ပွဲများကို အုပ်စုပတ်လည်စနစ်ဖြင့် ဇွန်လ(၂၅)ရက်နေ့မှစတင်၍ ဇူလိုင်လ(၃)ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယနေ့တွင် ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲစဉ်အဖြစ် ကိုခွန်အားအသင်းနှင့် ကိုသားချောအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ကိုခွန်အားအသင်းမှာကိုသားချောအသင်းကို သုံးပွဲ-တစ်ပွဲဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့်အသင်းများ၊ စားပွဲတင်တင်းနစ်အငယ်တန်းပြိုင်ပွဲ၊ အကြီးတန်းပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့်အသင်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးကျော်ဆွေဦးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကိုသားချောအသင်းအား ဂုဏ်ပြုဆုငွေကျပ် နှစ်သိန်းနှင့် ဆုတံဆိပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းကလည်းကောင်း၊ ပထမဆုရရှိသည့် ကိုခွန်အားအသင်းအား ဂုဏ်ပြုဆုငွေကျပ် သုံးသိန်းနှင့် တံခွန်စိုက်ဆုဖလားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်ကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ဂန့်ဂေါမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း (၁၁) သင်း၊ စားပွဲတင်တင်းနစ်အငယ်တန်းပြိုင်ပွဲကို ပြိုင်ပွဲဝင်(၉)ဦး၊ အကြီးတန်းကို ပြိုင်ပွဲဝင်(၂၀)ဦး၊ နှစ်ယောက်တွဲ ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၁၂)တွဲနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၆)သင်းတို့ဖြင့် အုပ်စု ပတ်လည်စနစ်ဖြင့် ဇွန်လ(၂၅)ရက်နေ့မှ ဇူလိုင်လ(၃)ရက်နေ့အထိ ခရိုင်ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မောင်မျိုးမင်း